မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။
About This Blog
မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။
Labels
Thursday, January 9, 2014
ထိုင်းနိုင်ငံ၊ အချောင်ဆိပ်ကမ်းရှိ ငါးဖမ်းစက်လှေမှ မြန်မာအမျိုးသားနှစ်ဦး ထွက်ပြေးလွတ်မြောက်
ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ အချောင်ဆိပ်ကမ်းရှိ ငါးဖမ်းစက်လှေပေါ်တွင်
အလုပ်လုပ်ကိုင်ရ သော်လည်း လုပ်ခ လစာမပေးသဖြင့် ၄လ/၆လ
အလုပ်လုပ်ခဲ့ပြီးနောက် မြန်မာအမျိုးသားနှစ်ဦး ငါးဖမ်းစက်လှေမှ
ထွက်ပြေးလာရာ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့ ၁၃၃၀ အချိန်တွင် မြ၀တီ
ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ တစ်ဆင့် မြ၀တီလူကုန်ကူးမှု
တားဆီးနှိမ် နင်းရေး တပ်ဖွဲ့စိတ် သို့ ရောက်ရှိလာကြောင်း သိရှိရသည်။
အဆိုပါ ထွက်ပြေးလွတ်မြောက်လာသူ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ် တို့မှ အမျိုးသားနှစ်ဦးအား မြ၀တီလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ်မှတွေ့ ဆုံမေးမြန်းခဲ့သည်။
“ကျွန်တော်က သံတွဲမြို့နယ်၊ --- ရွာမှာနေပါတယ်။ လွန်ခဲ့သော တစ်နှစ်ခန့်က စစ်တွေမြို့ရှိ အဒေါ်ဖြစ်သူထံ သွားရောက်စဉ် ကမ်းနားလမ်း၊ စံပြရပ်ကွက်နေသူ ထွန်းထွန်းဝင်း မှ ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက်အလုပ်လုပ်ကိုင်ရမည်၊ တစ်ဦးလျှင်ပို့ဆောင်ခကျပ်(၂)သိန်း(၈)သောင်းပေးရမည် ပြောဆို၍ သဘောတူသွားရောက်ခဲ့ပါတယ်။ ကျွန်တော်အပါအ၀င်(၁၃)ဦးသွားရောက်ခြင်းဖြစ်ပါတယ်။ မြ၀တီမှာ အဆောင်ငှားပြီး ကျွန်တော်တို့ကို ထားပါတယ်။ မြ၀တီတွင် (၃)လခွဲကြာသည်အထိ ထိုင်းနိုင်ငံသို့ မသွားရသဖြင့် ၁၂ ဦးက ရွာကို ပြန်သွာပါတယ်။ ကျွန်တော်တစ်ဦးတည်းသာ မြ၀တီတွင် ကျန်ခဲ့ပါတယ်။ အဲ့ဒီနောက်ကျွန်တော်လည်း ရွာသို့ပြန်ရန် စီစဉ်နေစဉ် မြ၀တီမှာရောက်ရှိနေတဲ့ စစ်တွေမှ အသိ တစ်ယောက်နဲ့တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီအသိတစ်ယောက်က ထိုင်းနိုင်ငံကို အောက်လမ်းက သွားလို့ရကြောင်းပြောပြီး ၄င်း၏အဆက်အသွယ်ဖြင့် တောလမ်းခရီးအတိုင်း ပို့ဆောင်ပေးလို့ ကျွန်တော်ထိုင်းနိုင်ငံထဲကို ရောက်ရှိခဲ့ပါတယ်။ အချောင်ဆိပ်ကမ်းရှိ ငါးဖမ်းစက်လှေပေါ်သို့ အလုပ်လုပ် ကိုင်ရန် တင်ပေးခဲ့လို့ ငါးဖမ်းစက်လှေပေါ်မှာ ငါးဖမ်းတဲ့အလုပ်ကို လုပ်ကိုင်ရပါ တယ်။ နောက်(၂) လခန့်အကြာတွင် ယခုကျွန်တော်နှင့်အတူထွက်ပြေးလာသူ တောင်ကုတ်မြို့က ကို----- ဆိုသူ ကျွန်တော်တို့ ငါးဖမ်းသင်္ဘောပေါ်ကို ရောက်ရှိလာပါတယ်။ နောက် (၄) လခန့်အကြာတွင် ၂၀၁၃ခုနှစ်ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျွန်တော်နှင့် တောင်ကုတ်က ကို----- တို့ (၂)ဦး ငါးဖမ်းစက်လှေမှ ရေကူးပြီး ထွက်ပြေးလာခဲ့ပါတယ်။ နောက်ပိုင်း မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြို့ကို ရောက်ရှိခဲ့ပါတယ်”
“ ကျွန်တော်က တောင်ကုတ်မြို့နယ်၊ ---- ရွာက ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် မြ၀တီမြို့တွင် ရောက်ရှိနေတဲ့ သူငယ်ချင်းများနဲ့အဆက်အသွယ်ရရှိခဲ့ပြီး ၂၀၁၃ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့မှာ ရွာကနေထွက်လာခဲ့ပါတယ်။ မြ၀တီမြို့သို့ ရောက်ပြီး (၄)ရက်ခန့်အကြာတွင် ကိုထွန်းဆိုသူမှ တောလမ်းမှ ထိုင်းနိုင်ငံသို့ ခေါ်ဆောင်သွားပါ တယ်။ ကံဖယ်မြို့သို့ ရောက်ရှိခဲ့ပြီး ကံဖယ်မြို့မှတစ်ဆင့် အချောင်းဆိပ်ကမ်းသို့ ကားဖြင့် ဆက်လက် ခေါ်ဆောင်သွားပါတယ်။ အချောင်းဆိပ်ကမ်းရှိ ငါးဖမ်းစက်လှေပေါ်တွင် သံတွဲမှ ယခုအတူ ထွက်ပြေး လာသူ ကို----နှင့်တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော် ငါးဖမ်းစက်လှေတွင် (၄)လခန့်လုပ်ပြီး ကျွန်တော် တို့(၂)ဦး ငါးဖမ်းစက်လှေမှ ရေကူးပြီး ထွက်ပြေးလာခဲ့ပါ တယ်။ နောက်ပိုင်း မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့မြ၀တီမြို့ကို ရောက်ရှိခဲ့ပါတယ်”
ထိုင်းနိုင်ငံငါးဖမ်းစက်လှေမှ ထွက်ပြေးလွတ်မြောက်လာသူ (၂)ဦးအား တာဝန်ရှိသူများမှ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ပြီး တရားမ၀င်ပို့ဆောင်ခဲ့သူများကို မြ၀တီ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်မှ အမှုဖွင့်အရေးယူနိုင်ရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
ဒုရဲမှူး မင်းနိုင်(လူကုန်တား)

မြန်မာအလုပ်သမား (၄၀)ဦး၊ ထိုင်းနိုင်ငံမှ ပြန်လည်လွှဲအပ်ပေး

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ချစ်ကြည်ရေးတံတားအနီးရှိ BOM BOM အလုပ်သမား
အကျိုးဆောင်ကုမ္ပဏီတွင် မြန်မာနိုင်ငံသား (၄၀)ဦးရောက်ရှိနေကြောင်း၊
၎င်းတို့၏ ပတ်စ်ပို့ စာအုပ် တွင် မြန်မာဘက်အထွက် (လ၀က)
တံဆိပ်အတုပြုလုပ်ထားမှု သိရှိသဖြင့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၆ ရက်နေ့၊ ညနေ
(၅)နာရီ (၄၅)မိနစ်အချိန်တွင် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား၌ အဆိုပါ
မြန်မာနိုင်ငံသားအလုပ်သမား ကျား (၂၈)ဦး၊ မ (၁၂)ဦး၊ ပေါင်း (၄၀)ဦးအား BOM
BOM ကုမ္ပဏီတာဝန်ခံ Mr.Rungsak Thuenkaew မှ လွှဲပြောင်းပေးအပ်ရာ
မြန်မာနိုင်ငံဘက် မှ မြ၀တီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊
မြ၀တီ(လ၀က) ဦးစီးမှူး ဦးမြင့်သိန်းဌေး၊ မြ၀တီမြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူးအောင်ငွေ နှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊
တပ်ဖွဲ့စိတ် မှူး ရဲအုပ် ထွန်းထွန်း တို့မှ လက်ခံခဲ့သည်။
လွှဲပြောင်းလက်ခံခဲ့သော မြန်မာနိုင်ငံအလုပ်သမား (၄၀)ဦးတို့အား ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူး အစီအစဉ်ဖြင့် အမှတ် (၄)ရပ်ကွက်၊ ဘုရားကြီးကျောင်းတိုက်၊ ဘုန်းကြီး ကျောင်းဓမ္မာရုံ တွင် နေရာချထား၍ ကျွေးမွေးမှုများ စီစဉ်ဆောင်ရွက်ထားရှိသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများမှ စစ်ဆေးမေးမြန်းလျက်ရှိပြီး ပေါ်ပေါက်ချက်များအရ ဆက်လက်အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တရုတ်မယားအဖြစ်ရောင်းစားခဲ့သူကို လူကုန်ကူးမူဖြင့်အရေးယူ
တရုတ်နိုင်ငံ၌ လူကုန်ကူးခံရသူ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန်
မြို့နယ်၊ ------ရွာမှ အသက်(၂၅)နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးအား
တရုတ်ရဲတပ်ဖွဲ့မှ ကယ်တင်ထားရှိပြီး ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၃၀ရက်နေ့တွင်
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ လွယ်ဂျယ်တပ်ဖွဲ့စိတ်သို့
ပြန်လည်လွဲပြောင်းပေးခဲ့သည်။
လွဲပြောင်းရောက်ရှိလာသူ အသက်(၂၅)နှစ်အရွယ် မြန်မာအမျိုးသမီး မ --- အား လွယ်ဂျယ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်မှ တွေ့ဆုံမေးမြန်းခဲ့သည်။ “ကျွန်မနဲ့တစ်မြို့ တည်းနေ မ---- တို့(၂) ဦးသည် ၂၀၁၃ခုနှစ် မေလ ၅ ရက်နေ့က ကျောက်စိမ်းအရောင်းအ၀ယ်လုပ်ဖို့ တရုတ်နိုင်ငံ၊ ရင်ကျန်းမြို့သို့သွားရောက်ခဲ့ပါတယ်၊၊ ရင်ကျန်းမြို့၊ ရီမောင်ဟိုတယ် တွင် တည်းခိုနေထိုင်ပြီး ပါလာသော ကျောက်များကို ကျောက်ပွဲစားများနှင့် ပြသရောင်းချရန်ပြုလုပ်နေစဉ် လွန်ခဲ့သော(၃) နှစ်ခန့်က ကျွန်မတို့ရွာတွင် နေထိုင်ခဲ့ပြီး အနှိပ်ခန်းဖွင့်ခဲ့ဖူးသူ မငြိမ်းငြိမ်း(ခ)အားလွယ်နှင့် တွေ့ဆုံခဲ့ပါတယ် မငြိမ်းငြိမ်းမှ ကျောက်များအားကူညီရောင်းချပေးမည်၊ ဟိုတယ်တွင်နေထိုင်ပါက ကုန်ကျစရိတ်များမည်ဖြစ်သဖြင့် သူမ ငှားရမ်းနေထိုင်သည့် ရင်ကျန်းမြို့ ရှီဖူုးအယ်ရှယ်လမ်း၊ အမှတ်(၅၅) ရှိ နေအိမ်တွင် လာရောက်တည်းခိုနေထိုင်စားသောက်နိုင်ကြောင်း ပြောဆိုသဖြင့် ကျွန်မတို့(၂) ဦး ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ မငြိမ်းငြိမ်းအိမ်၌ နေထိုင်စဉ် မေ ၁၃ရက်နေ့တွင် မငြိမ်းငြိမ်းမှ ကျွန်မနှင့်အတူပါလာသူ မ----အား စည်းရုံးသိမ်းသွင်းပြီး တရုတ်အမျိုးသားတစ်ဦးနှင့် ပေးစားခဲ့ပါတယ်။ ကျွန်မသည် တစ်ဦးတည်းဖြစ်နေ၍ ဆက်လက်နေထိုင်လိုခြင်းမရှိတော့သဖြင့် နေရပ်ပြန်ရန်အတွက် မငြိမ်းငြိမ်းထံ လမ်းစရိတ် တောင်းရာ မပေးနိုင်ကြောင်း၊ ထမင်းလည်း မကျွေးနိုင်ကြောင်း၊ မ ---- လိုဘဲ တရုတ်ယောက်ျားယူရန်နှင့် တရုတ်ယောက်ျားယူပါက အဆင်ပြေမည်၊ အိမ်သို့လည်း ငွေပို့နိုင်မည်ဟု ပြောဆိုစည်းရုံးပြီး ကျွန်မ၏ မှတ်ပုံတင်နှင့် နယ်စပ်ဝင်ထွက်သွားလာခွင့် စာအုပ်ကို မငြိမ်းငြိမ်းမှ သိမ်းယူသွားပါတယ် မေ ၁၈ ရက်နေ့တွင် ကျွန်မအား ဟူနန်မြို့ရှိ တရုတ်အမျိုးသား ဖူယုန် ဆိုသူထံ တရုတ်ယွမ် (၃၁ ၀၀၀) ဖြင့်ရောင်းစားခဲ့ပါတယ် ယွမ်(၂၅၀၀) တန်ဖိုးရှိ ရွှေနားကပ်တစ်ရံနှင့် ရွှေဆွဲကြိုး တစ်ကုံးဝယ်ပေးကာ ယွမ်(၈၀၀၀) ပေးပါတယ် ကျန်ငွေယွမ်(၂၀ ၅၀၀) ကိုမငြိမ်းငြိမ်းမှ ယူထားပါတယ် ဟူနန်မြို့ရှိ ရွာတစ်ရွာတွင် တရုတ် အမျိုးသားဖူယုန်နှင့် ပေါင်းသင်းနေထိုင်ရပါတယ်။ တရုတ်ယောက်ျားမှ ကျွန်မအား ရိုက်နှက်နှိပ်စက်သဖြင့် မငြိမ်းငြိမ်းထံ ဖုန်းဖြင့်ဆက်သွယ်ပြီး နေအိမ်သို့ပြန်ချင်ကြောင်းပြောရာ ကျွန်မတို့ ယူထားသော ယွမ်(၃၁ ၀၀၀) ပြန်လျော်ပေးမှ ပြန်လို့ရမည်ဟု ပြောဆိုပြီး ဖုန်းချသွားပါတယ်။ နောက် (၄)လခန့်အကြာတွင် ကျွန်မဟာ ကျောက် အတူတူလာရောင်းပြီး အရင်ရောင်းစားခံရသူ မ--- နဲ့ ဖုန်းအဆက်အသွယ်ရခဲ့ပါတယ် မ --- လည်း ယွမ်(၃၁ ၀၀၀)ပေးလျော်ပြီး နေအိမ်သို့ပြန်ရောက်နေကြောင်း ၊ မြစ်ကြီးနားရှိ မိတ်ဆွေများ မှတစ်ဆင့် သက်ဆိုင်ရာ အဇွဲ့အစည်းများထံ အကူအညီတောင်းခံ ပေးမည်ဖြစ်ကြာင်း ပြောဆိုပါတယ်၊ ဒီဇင်ဘာလ ၁၁ရက်နေ့တွင် လွယ်ဂျယ်လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ရုံး၏ ဖုန်းနံပါတ်ကို ဆက်သွယ် အကူအညီတောင်းခံခဲ့ပါတယ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာနိုင်ငံ၊ လွယ်ဂျယ်မြို့ရှိ လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့၍ မြန်မာနိုင်ငံသို့ ပြန်ရောက်ခဲ့ပါတယ်”
၂၀၁၄ ခုနှစ် ဇန်န၀ါရီလ(၁) ရက်နေ့တွင် လူကုန်ကူးခံရသူကိုယ်တိုင် တရားလိုပြုလုပ်ပြီး မငြိမ်းငြိမ်း(ခ) အားလွယ် ၊(၃၂)နှစ်ခန့်၊ တရုတ်နိုင်ငံ၊ ရင်ကျန်းမြို့နေသူအား ဥပဒေအရ အရေးယူပေးရန် တိုင်တန်းသဖြင့် လွယ်ဂျယ်ရဲစခန်းမှ (ပ) ၁။၂၀၁၄၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သည်။
အဆိုပါလူကုန်ကူးခံရသူ မ----- အား မူဆယ်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာတွင် အပ်နှံထားရှိကြောင်း သိရှိရသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံလူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးအတွက် မူဆယ်-ရွှေလီ၊ လွယ်ဂျယ်-ကျန်းဖုန်း၊ နှင့် လောက်ကိုင်-နန်ဆန်း နယ်စပ်ဆက်ဆံရေးရုံး(၃)ရုံးကို အသီးသီး အပြန်အလှန်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၂ခုနှစ် ဇန်န၀ါရီလ မှ ဒီဇင်ဘာလအထိ နှစ်နိုင်ငံ ပူးပေါင်းဖော်ထုတ်မှုအနေဖြင့် လူကုန်ကူးမှု(၁၈)မှု၊ တရားခံ ကျား(၆)ဦး၊ မ(၂၅)ဦး၊ လူကုန်ကူးခံရသူ မ(၂၀)ဦးတို့ဖြစ်ပြီး ပူးပေါင်းဖမ်းဆီး သည့်တရားခံမှာ ကျား(၄)ဦး၊ မ(၁၈)ဦး တို့ဖြစ်သည် တရုတ်နိုင်ငံမှ လွှဲပြောင်းပေးသည့် တရာခံအရေအတွက်မှာ ကျား(၄)ဦး၊ မ(၁၈)ဦးနှင့် လူကုန်ကူး ခံရသူအရေအတွက်မှာ ကျား(၃၈)ဦး၊ မ(၁၁၇)ဦး တို့ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ သတင်းအရ သိရှိရသည်။
မင်းနိုင်(လူကုန်တား)

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ အချောင်ဆိပ်ကမ်းငါးဖမ်းစက်လှေပေါ်မှ ကယ်တင်ပေးထားသည့် ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား (၂) ဦး မြန်မာနိုင်ငံသို့ လွှဲပြောင်းရောက်ရှိ
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအရာရှိ ဦးကျော်ကျော်လွင် ၏
အကြောင်းကြားချက်အရ ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊
အချောင်ဆိပ်ကမ်းငါးဖမ်းစက်လှေပေါ်မှ ကယ်တင်ပေးထားသည့် ပဲခူးတိုင်းဒေသကြီးမှ
အမျိုးသား(၂)ဦးအား ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ မနက် ၈နာရီ ၄၅ မိနစ်တွင်
ထိုင်းနိုင်ငံ မဲဆောက်နယ်စပ်ဆက်ဆံရေးရုံး မှ မြ၀တီနယ်စပ်ဆက်ဆံရေးရုံးသို့
လာရောက်လွှဲပြောင်းပေးခဲ့သည်။
လွှဲပြောင်းရောက်ရှိလာသူ အမျိုးသား(၂)ဦးသည် လွန်ခဲ့သောတစ်နှစ်ခန့်က မြ၀တီမြို့သို့ ရောက်ရှိစဉ် အမျိုးသားတစ်ဦး(အမည်၊ နေရပ်လိပ်စာ မသိသူ) မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ နာနတ်သီး စက်ရုံတွင် တစ်နေ့ဘတ်(၂၀၀)ဖြင့် အလုပ်ရရှိမည်ဟု ပြောဆိုစည်းရုံး၍ တရားမ၀င် လမ်းကြောင်းမှ တစ်ဆင့် ခေါ်ဆောင်သွားပြီး အချောင်ဆိပ်ကမ်းတွင်ရပ်နားထားသည့် ငါးဖမ်းစက်လှေနံပါတ်(၂၂)ပေါ်သို့ ပို့ဆောင်ခံခဲ့ရကြောင်း၊ ပို့ဆောင်ခဘတ်(၁၃,၀၀၀) အား (၇)လအလုပ် လုပ်၍ ဆပ်ခဲ့ရကြောင်း၊ အကြွေးကြေပြီး တစ်လဘတ်(၅,၀၀၀)ရရှိကြောင်း၊ (၄)လဆက်လုပ်ခဲ့ပြီး ငါးဖမ်းစက်လှေတွင် ဆက်လက်လုပ်ကိုင်လိုခြင်း မရှိတော့သဖြင့် အစ်မဖြစ်သူမှတစ်ဆင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအရာရှိ ဦးကျော်ကျော်လွင်ထံ အကူအညီတောင်းခံ၍ ကယ်တင်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြန်လည်ရောက်ရှိလာသူ ပဲခူးတိုင်းဒေသကြီးမှ အမျိုးသာား(၂)ဦးအား ယင်းနေ့၌ပင် တာဝန်ရှိသူ များမှ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့သည်။ ၂၀၀၉ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ တွင် နေပြည်တော်၌ မြန်မာ-ထိုင်းနှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံဝန်ကြီးအဆင့် လက်မှတ်ရေးထိုးခဲ့ပြီး တာချီလိတ်-မယ်ဆိုင် နယ်စပ် ဆက်ဆံရေးရုံးကို ၂၀၁၂ခုနှစ် မတ် ၂၂ ရက်နေ့တွင်လည်းကောင်း၊ ကော့သောင်း-ရနောင်းရုံးကို ၂၀၁၂ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင်လည်းကောင်း၊ မြ၀တီ-မဲဆောက်ရုံးကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင်လည်းကောင်း အသီးသီးအပြန်အလှန် ဖွင့်လှစ်နိုင်ခဲ့ကာ နှစ်နိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးများဖွင့်လှစ်သည့်အချိန်မှစ၍ ယနေ့အထိ နှစ်နိုင်ငံ ပူးပေါင်းဖော်ထုတ်မှုအနေဖြင့် လူကုန်ကူးမှု(၅)မှု၊ တရားခံ ကျား (၅)ဦး၊ မ (၃)ဦး၊ လူကုန်ကူးခံရသူ ကျား (၃၁)ဦး၊ မ (၁၇)ဦး တို့ဖြစ်ပြီး ပူးပေါင်းဖမ်းဆီးသည့်တရားခံအရေအတွက်မှာ ကျား (၃)ဦး၊ မ(၂)ဦးတို့ဖြစ်သည် ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးသည့် တရားခံအရေအတွက် မှာ ကျား(၂)ဦး၊ မ(၁)ဦးနှင့် လူကုန်ကူးခံရသူ အရေအတွက်မှာ ကျား (၁၄၂)ဦး၊ မ (၉၁)ဦး တို့ဖြစ်ကြောင်း သတင်းရရှိသည်။
ဒုရဲမှူးမင်းနိုင်
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

Subscribe to:
Posts (Atom)