About This Blog

မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။

Thursday, January 16, 2014

ငွေကြေးမပြေလည်မှုကိုအခွင့်ကောင်းယူ၍ တရုတ်မယားအဖြစ်ရောင်းစား


ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့၊ ---- ရပ်ကွက် မှ မ---(၃၀)နှစ် အား တရုတ်နိုင်ငံတွင် သစ်ခွခြံ၌ အလုပ်လုပ်ရမည်ဟု စည်းရုံးခေါ်ဆောင်ကာ တရုတ်အမျိုးသားနှင့် လက်ထပ်ရန် ရောင်းစားခဲ့သူ တစ်ဦး အား ၂၀၁၄ခုနှစ်ဇန်န၀ါရီလ ၈ ရက်နေ့တွင် မူဆယ်မြို့မရဲစခန်းမှ လူကုန်ကူးမှုဖြင့် အရေးယူထား ကြောင်း သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ  ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့၊ ---- ရပ်ကွက် မှ မ---- သည် ၂၀၁၃ခုနှစ် ဇွန်လ(ရက်မမှတ်မိ)တွင် နမ့်ဆန်မြို့မှ လားရှိုးမြို့သို့ ဆေးခန်းပြသရန်လာစဉ်  ကားဂိတ်၌ နမ့်ဆန်မြို့၊ မန်လွယ်ရွာနေ မခင်သန်းမြင့်(၂၈)နှစ်၊ (ဘ)ဦးအိုက်လှ နှင့် တွေ့ဆုံခဲ့ကြောင်း၊ လားရှိုးမြို့ရှိ တည်းခိုခန်း၌ အတူတည်းခိုစဉ် တရုတ်နိုင်ငံတွင် အလုပ်ကောင်းကြောင်း၊ သစ်ခွခြံတွင်လုပ် ရမည်၊ တရက်လျှင် တရုတ်ငွေယွမ်(၅၀)မှ(၁၀၀)အထိရမည်ဟုမခင်သန်းမြင့်မှစည်းရုံးပြောဆိုသဖြင့်လိုက်ပါသွားခဲ့ကြောင်း၊ တရုတ်နိုင်ငံ၊ ၀မ်တိမ်းမြို့အနီးရှိ ပလောင်ရွာသို့ ခေါ်ဆောင်သွားပြီး ၄င်းအိမ်တွင် (၅)ရက်ခန့် နေထိုင် စဉ် တရုတ်ယောက်ျား(၃)ဦးနှင့်ပြသခဲ့ကြောင်း၊ တရုတ်ယောက်ျားမယူလိုကြောင်း ငြင်းဆို သော်လည်း တရုတ်ယောက်ျားယူမှ ငွေကြေးအဆင်ပြေမည်၊ HIV ရောဂါကုသ၍ရမည်ဟုအတင်းအကြပ် ပြောဆို သဖြင့် သဘောတူခဲ့ရာ ပလောင်ရွာနေ တရုတ်လူမျိုး စိုင်းဆမ်မှ ပေါက်စန်းမြို့၊ တာထဲင်းပန်ရွာသို့ ခေါ်ဆောင်သွားပြီး အားချောင်(အသက်၃၀နှစ်ခန့်ရှိသူ)ထံ တရုတ်ငွေ ယွမ်(၃၆ ၀၀၀) ဖြင့် ရောင်းစား ခဲ့ရာ မခင်သန်းမြင့်မှ ယွမ်(၂ ၀၀၀)ရရှိခဲ့ကြောင်း၊ အားချောင်နှင့်(၆)လခန့် ပေါင်းသင်းခဲ့ရာ ကိုယ်ဝန် (၃)လ ရရှိချိန် မ--- တွင် HIV ရောဂါရှိသည်ကို  သိရှိသွားပြီး ဆက်လက်မပေါင်းသင်းတော့ဘဲ မခင်သန်းမြင့်ထံ ပြန်ပို့ခဲ့ကြောင်း၊ မခင်သန်းမြင့်မှ အမျိုးသမီးငယ်များအား စည်းရုံးခေါ် ဆောင်လာရန် နှင့် အမျိုးသမီးတစ်ယောက်ခေါ်ဆောင်လာပါက ရောင်းရငွေမှ တစ်ဝက်ပြန်ပေးမည် ဟု ပြောပြီး မြန်မာနိုင်ငံ၊ လားရှိုးမြို့သို့ မ--- အား ပြန်လည်စေလွှတ်ခဲ့ကြောင်း၊ ထို့နောက်လားရှိုးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုရုံးသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း၊ လားရှိုးတပ်ဖွဲ့စုမှူးရုံးမှတစ်ဆင့်  မူဆယ်တပ်ဖွဲ့စုမှူးရုံးသို့လွှဲပြောင်းပေးသဖြင့်တွေ့ကြုံခဲ့ရသည့်ဖြစ်စဉ်အား အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်းသိရှိရသည်။
 
ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့၊ ---ရပ်ကွက်မှ မ--- အား တရုတ်နိုင်ငံတွင် သစ်ခွခြံ၌ အလုပ် လုပ်ရ မည်ဟု စည်းရုံးခေါ်ဆောင်ကာ တရုတ်အမျိုးသားနှင့် လက်ထပ်ရန် ရောင်းစားခဲ့သူ မခင်သန်းမြင့် အပေါ် အရေးယူပေးရန် မူဆယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှ တရားလိုပြုလုပ်တိုင်တန်းရာ မူဆယ် မြို့မရဲစခန်း(ပ)၁၂/၂၀၁၄၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။
 
တရာခံ မခင်သန်းမြင့် အား ဖမ်းဆီးရမိရေး မူဆယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုသည် ရွှေလီ နယ်စပ်ဆက်ဆံရေး(BLO)ရုံးနှင့်ပူးပေါင်၍ တရုတ်နိုင်ငံ၊ ၀မ်တိမ်မြို့၊ ဟွေဟွမ် ရွာသို့ ၀င်ရောက်ရှာဖွေရာ မတွေ့ရှိသဖြင့် မခင်သန်းမြင့်၏တရုတ်လက်ကိုင်ဖုန်းသို့ ဆက်သွယ်ပြီး  မ--- (ယခုလူကုန်ကူးခံရသူ)သည် ၀မ်တိမ်နယ်စပ်ပေါင်တွင် အမျိုးသမီးတစ်ဦးနှင့်အတူ ရောက်ရှိနေကြောင်း အသွင်ယူဆက်သွယ်ပြောဆိုခဲ့ရာ မှ တရာခံ မခင်သန်းမြင့် အား ဖမ်းဆီး ရမိခဲ့သည်။
 
လူကုန်ကူးခံရသူ မ---- အား မူဆယ်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်ကူးခံရသူများ စောင့်ရှောက်ရေးဂေဟာတွင် ခေတ္တထားရှိကြောင်း သတင်းရရှိသည်။
 
ဒုရဲမှူး မင်းနိုင်(လူကုန်တား)
 

မူဆယ် မြို့မရဲစခန်း(ပ)၁၂/၂၀၁၄၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အမှုမှ တရားခံ ခင်သန်းမြင့်၏ပုံ