About This Blog

မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။

Wednesday, January 22, 2014

ဘ၀ရပ်တည်ရန်ခက်ခဲသည့်အခြေအနေကို အလွဲသုံးစားပြု၍ ပြည့်တန်ဆာအဖြစ်စေခိုင်း


ပဲခူးတိုင်းဒေသကြီး မှ အသက် ၁၇နှစ်အရွယ်အမျိုးသမီးတစ်ဦး၏ ဘ၀ရပ်တည်ရန် ခက်ခဲသည့်အခြေအနေကို အလွဲသုံးစားပြု၍ နေအိမ်တွင်ထားရှိကာ  ပြည့်တန်ဆာအဖြစ်ခိုင်းစေသူအား ၂၀၁၄ခုနှစ်ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁) မြို့မရဲစခန်းမှ လူကုန်ကူးမှုဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။
 
နေပြည်တော်၊ ဇမ္ဗူသီရီမြို့နယ်၊ ကုတင်(၁၀၀၀)ဆေးရုံတွင်အဆိပ်သောက်၍ အမျိုးသမီးငယ် တစ်ဦးရောက်ရှိ ဆေးကုသခံယူလျက်ရှိကြောင်းနှင့် အဆိုပါအမျိုးသမီးငယ်မှာ လူကုန်ကူးခံရဖွယ်ရှိ ကြောင်း ဇမ္ဗူသီရိမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ၏ အကြောင်းကြားချက်အရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(နေပြည်တော်) မှ  သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။
 
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး မှ အသက် ၁၇နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် မိသားစု စီးပွားရေး အဆင်မပြေခြင်း၊ ပထွေး၏ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်းတို့ကြောင့် လွန်ခဲ့သောနှစ်သင်္ကြန် မတိုင်ခင်က နေအိမ်မှ ထွက်ပြေးလာခဲ့ကြောင်း၊ ကုန်တင်ကားဖြင့် လိုက်ပါစီးနင်းလာခဲ့ရာ နေပြည်တော်သို့ ရောက်ရှိလာပြီးနေရာမမှတ်မိတွင် ၄င်းအားကားပေါ်မှ ချထားခဲ့ကြောင်း၊ မည်သည့်နေရာသို့ သွားရမှန်းမသိ ဖြစ်နေစဉ် နေခြည်အေး ဆိုသူအမျိုးသမီးနှင့်တွေ့ရှိပြီး နေခြည်အေးမှ အိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားကြောင်း၊ တစ်လခန့်အကြာ တွင်  နေခြည်အေးမှ ၄င်းအား ကားတစ်စီးပေါ်သို့ ပြည့်တန်ဆာ အဖြစ်လုပ်ကိုင်ရန်ထည့်ပေးလိုက်ကြောင်း၊ နောက်ပိုင်းတွင် ညတိုင်းသပြေကုန်း ညဈေးတန်း၌ထားရှိပြီး ပြည့်တန်ဆာ အဖြစ်ခေါ်ဆောင်သည့်နေရာများသို့ ဆိုင်ကယ် ကယ်ရီဖြင့် နေခြည်အေး မှ ထည့်ပေးကြောင်း၊ ရရှိသည့်ငွေကြေးကို နေခြည်အေး ရယူကြောင်း၊ မလုပ်ချင်၍ငြင်းဆန်ပါက နေခြည်အေး မှ ရိုက်နှက်ကြောင်း၊ ထွက်ပြေးချင်သော်လည်း ပြန်စရာလမ်းစရိတ်မရှိ၊ အိမ်သို့ပြန်ရန် မိသားစုအိမ်တွင်းရေး အခက်အခဲရှိသဖြင့်နေခြည်အေး စေ ခိုင်းသဖြင့် လုပ်ကိုင်ခဲ့ရကြောင်း၊ ၄င်းမှငွေကြေးရလို၍ မဟုတ်ဘဲ နေခြည်အေးအား မလွန်ဆန်နိုင်သဖြင့်သာ ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်ရခြင်း ဖြစ်ကြောင်း၊ ပြည့်တန်ဆာ အလုပ်ကို မလုပ်ချင်ကြောင်း အကြိမ်ကြိမ်ငြင်း ဆိုသော်လည်း ပြောမရသဖြင့် ပရုပ်လုံးကြီး (၂)လုံးအားကြိတ်ကာ ရေဖြင့်သောက်ခဲ့ကြောင်း၊ ထိုပြင် ကိုယ်ဝန်မရှိအောင်သောက်သည့် သန္ဒေတားဆေး တစ်ကဒ်လုံး ပါ သောက်ခဲ့ကြောင်း၊ (၄)ရက်ခန့် သတိမေ့မြောနေရာမှ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် သတိရလာသော်လည်းအခါ ဆေးရုံသို့ ရောက်ရှိနေသည်ကို သိရှိရကြောင်းကို တွေ့ဆုံမေးမြန်း ချက်များအရ သိရှိရသည်။
 
စီးပွားရေးအဆင်မပြေခြင်း၊ မိသားစုအိမ်တွင်းရေးအဆင်မပြေခြင်း စသည့် ဘ၀ရပ်တည်ရန် ခက်ခဲသည့် အခြေအနေကို အလွဲသုံးစားပြု၍ နေအိမ်တွင်ထားရှိကာ ပြည့်တန်ဆာအဖြစ်စေ ခိုင်းပြီး ငွေကြေးအကျိုးအမြတ်ရယူသူ နေခြည်အေး၊ (၂၇)နှစ်၊ (ဘ)ဦးတင်အေး၊ ပန်းလှိုင်(၂)လမ်း၊  သာယာ ကုန်းကွက်သစ်၊ ဇမ္ဗူသီရိမြို့နယ် နေသူအား ဥပဒေအရအရေးယူပေးရန် တပ်ဖွဲ့စု(နေပြည်တော်)မှ  တရားလိုပြုလုပ်တန်းသဖြင့် ဇန်န၀ါရီလ ၁၈ ရက်နေ့ ၁၄၃၅ အချိန်တွင် အမှတ်(၁)မြို့မရဲစခန်းမှ (ပ) ၁၁/၂၀၁၄၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ကာ တရားခံအား ဖမ်းဆီးစစ် ဆေးလျက်ရှိသည်။
 
လူကုန်ကူးခံရသူ အမျိုးသမီးငယ် ကျန်းမာရေးကောင်းမွန်လာပါက  ၄င်း၏မိဘများထံ တာဝန်ရှိသူများမှ ပြန်လည်အပ်နှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
ဒုရဲမှူး မင်းနိုင်(လူကုန်တား)
 

No comments:

Post a Comment