ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ မင်္ဂလာဒုံ၊
ဒဂုံဆိပ်ကမ်းမြို့နယ် တို့မှ အမျိုးသမီး(၈)ဦးတို့အား တရုတ်နိုင်ငံတွင်
တရုတ်ယောက်ျားယူပါက ကောင်းကောင်းမွန်မွန် နေရမည်၊ ရွှေ/ငွေ
လက်ဝတ်လက်စားများဆင်ပေးမည်၊ ကလေးမွေးပေးပါက ငွေကျပ်(၂၀/၂၅)သိန်းရမည်ဟု
ပြောဆိုစည်းရုံးပြီး တရုတ်ယောက်ျားများထံ ပို့ဆောင်ရောင်းစားရန်
စီစဉ်ဆောင်ရွက်နေသော အုပ်စုဖွဲ့လူကုန်ကူးသူများအား ၁၇.၇.၂၀၁၃ ရက်နေ့တွင်
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(မူဆယ်)မှ ဖော်ထုတ်လိုက်ပြီး
မူဆယ်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူ ခဲ့ကြောင်း သတင်းရရှိသည်။
၁၇.၇.၂၀၁၃ ရက်နေ့ (၀၈၃၀)အချိန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (မူဆယ်)သို့ မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာ အုပ်ချုပ်ရေးမှူးမှ နမ့်အွမ်ကျေးရွာရှိ ခေါက်ဆွဲဆိုင်တွင် အမျိုးသမီး (၁၀)ဦးအား မသင်္ကာဖွယ်တွေ့ရှိကြောင်း၊ ၄င်းတို့ (၁၀)ဦးအနက် ခေါင်းဆောင်ဟုထင်ရသော အမျိုးသမီး(၂)ဦးမှ ဖုန်းဖြင့် စကားပြောရာတွင်မသင်္ကာဖွယ်ကြားသိရကြောင်း၊အဆိုပါ အမျိုးသမီးအဖွဲ့ အား စောင့်ကြည့်နေစဉ် ကောင်းဝိန်းရွာသူ မခမ်းအီ မှ ဆိုင်ကယ် (၇)စီးဖြင့် ခေါ်ဆောင်သွားရန် စီစဉ်နေကြောင်း၊ လူကုန်ကူးမှုကျူးလွန်ရန် မသင်္ကာဖွယ်တွေ့ရှိသဖြင့် နမ့်ပေါ်တံတားရဲကင်းအား အကြောင်းကြားကာ အမျိုးသမီးများအားတား ဆီးထိန်းသိမ်းပေးရန် ပြောဆိုထားကြောင်းသတင်းပေးပို့လာ သဖြင့် အဆိုပါအမျိုးသမီး (၁၁)ဦးအား နမ့်အွမ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (မူဆယ်)ရုံးသို့ ခေါ်ယူမေးမြန်းခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် မှအမျိုးသမီး(၂)ဦး အား တစ်ရပ်ကွက်တည်းနေ မဇင်မာသန်း မှ စည်းရုံး၍လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်မှ အမျိုးသမီးတစ်ဦးကိုလည်း တစ်ရပ်ကွက်တည်းနေ မ၀ါလေး(ခ) မအိ မှ စည်းရုံး၍လည်းကောင်း မခင်သီတာဝင်း(ခ) မမြတ်နိုး နှင့်ချိတ်ဆက် ပေးခဲ့ကြောင်း၊ တရုတ်ယောက်ျားယူလျှင် ကောင်းကောင်းမွန်မွန် နေရမည်၊ ရွှေ/ငွေလက်ဝတ်လက်စား များဆင်ပေးမည်၊ ကလေးတစ်ဦးမွေးပေးနိုင်လျှင် ငွေကျပ်(၂၀/၂၅)သိန်းရမည်၊ အိမ်နှင့်လည်း ဆက်သွယ်လို့ရမည်၊ ကလေးမွေးပြီးပါက အိမ်သို့ ပြန်နိုင်သည်ဟု ပြောဆိုစည်းရုံးပြီး ၁၆-၇-၂၀၁၃ ရက်နေ့ နံနက်ပိုင်းတွင် အောင်မင်္ဂလာအဝေးပြေးဝင်း ကားဂိတ်မှ ခရီးသည်တင်ယာဉ်ဖြင့် ရန်ကုန်-မန္တလေး-မူဆယ်သို့ မဇင်မာသန်း၊ မ၀ါလေး(ခ) မအိနှင့် မသီတာ(ခ) မခင်သီတာဝင်း(ခ) မမြတ်နိုး တို့မှ လည်းကောင်း၊ အလားတူ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ တောင်ဥက္ကလာပ မြို့နယ်တို့မှ အမျိုးသမီး(၅)ဦးအား ဒဂုံဆိပ်ကမ်းမြို့နယ်နေ မမြင့်မြင့်စိုးမှတစ်ဆင့် စန္ဒာဦး(ခ)မဂျူလီနှင့်
ချိတ်ဆက်ပေးခဲ့ကြောင်း၊ တရုတ် ယောက်ျားယူရန် စည်းရုံးခံ ရပြီး ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း၊ မစန္ဒာဦးမှ အမျိုးသမီး(၃)ဦးအား ကျပ်(၈)သောင်းစီနှင့် ကျန်အမျိုးနှစ်ဦးကို ကျပ်(၁)သိန်းစီ ထုတ်ပေး ခဲ့ကာ စုဆောင်းပေးသူ မမြင့်မြင့်စိုးအား ကျပ်(၁)သိန်းပေခဲ့ကြောင်း၊ ၄င်းတို့(၅) ဦးအားအောင်မင်္ဂလာ အဝေးပြေးဝင်းကားဂိတ်၊ မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်ဖြင့် ရန်ကုန်-မန္တလေး-မူဆယ်သို့ စန္ဒာဦး(ခ)မဂျူလီ မှ လည်းကောင်းလမ်းစရိတ်ကျခံကာ ခေါ်ဆောင်လာခဲ့ကြောင်း၊ လမ်းခရီးတွင် စစ်ဆေးပါက နမ့်အွမ်ရှိ အလှူသို့သွားရန်ဟုပြောကြားရန် သင်ကြားပေးကြောင်း၊ ၁၇-၇-၂၀၁၃ ရက်နေ့ နမ့်အွမ်ရွာသို့ ရောက်ရှိခဲ့ကြောင်း၊ မခင်သီတာဝင်း(ခ) မမြတ်နိုးနှင့် မစန္ဒာဦင်္းတို့မှ ဖုန်းဆက်ခေါ်သဖြင့် ခြေထောက်မသန်သော မခမ်းအီဆိုသူ အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး ဆိုင်ကယ်ကယ်ရီများနှင့် ဆက်လက် ထွက်ခွာလာစဉ် နန့်ပေါ်တံတားရဲကင်းမှ စစ်ဆေးမေးမြန်းပြီး ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်းသိရှိရသည်။
သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသမီး(၈)ဦးအား တရုတ်ယောက်ျားယူပါက ကောင်းကောင်း မွန်မွန်နေရမည်၊ ရွှေ၊ငွေလက်ဝက်လက်စားများဆင်ပေးမည်၊ ကလေးမွေးပါက ငွေကျပ်သိန်း(၂၀/၂၅)ရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်ယောက်ျားများထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ကြသော ဂိုဏ်းဖွဲ့ကျူးလွန်သူ မစန္ဒာဦး(ခ) မဂျူလီ (၃၆)နှစ်၊ (ဘ) ဦးဂျေမက္ကနက်၊ ဗမာ/ဗုဒ္ဓ၊ အမှတ် (၆၂/ခ)၊ မြိုင်လမ်း၊ (၉)ရက်ကွက်၊ လှိုင်သာယာ မြို့နယ်၊ မသီတာ(ခ)မခင်သီတာဝင်း (ခ) မမြတ်နိုး၊ (၃၂)၊ (ဘ)ဦးခင်လှ၊ ဗမာ/ဗုဒ္ဓ၊ အမှတ်(၉၉)၊ ပိတောက် (၂)လမ်း၊ (၁/၁၀)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ မခမ်းအီ (၃၉)နှစ်၊ (ဘ)ဦးအိုက်ဖျား၊ ကောင်းဝိန်းရွာ၊ နန့်အွမ်ကျေးရွာအုပ်စု၊ မူဆယ်မြို့နယ်၊ မမြင့်မြင့်စိုး၊ မဇင်မာသန်း၊ မအိ(ခ) မ၀ါလေးတို့ (၆)ဦးအပေါ် ဥပဒေအရ အရေးယူပေးရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (မူုဆယ်) မှ ၁၇-၇-၂၀၁၃ ရက်နေ့တွင် တရားလို ပြုလုပ်တိုင်တန်းခဲ့ရာ မူဆယ်မြို့မရဲစခန်း(ပ) ၁၅၆/၂၀၁၃၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)/၃၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
အမှုမှ တရားခံ(၆)ဦးအနက်ထွက်ပြေးတိမ်းရှောင်နေသည့်တရားခံ ဒဂုံဆိပ်ကမ်းမြို့နယ် နေ မမြင့်မြင့်စိုး၊ မြောက်ဥက္ကလာပမြို့နယ်နေ မဇင်မာသန်းနှင့် မင်္ဂလာဒုံမြို့နယ်နေ မအိ(ခ) မ၀ါလေး တို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (ရန်ကုန်)မှ သတင်းရယူစုံစမ်းဖမ်းဆီးခဲ့ရာ ၁၈-၇-၂၀၁၃ ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ(၃)ဦးစလုံးအား ဖမ်းဆီးမိ ကြောင်းသတင်းရရှိသည်။

No comments:
Post a Comment