လူကုန်ကူးမှုဆိုတာ...
ကျွန်တော်တို့နိုင်ငံသည် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ၂၀၀၅ခုနှစ်၊
စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြဌာန်းခဲ့ပါတယ်။
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေမှာတော့ လူကုန်ကူးမှုရဲ့ အဓိပ္ပါယ်ကို ...
ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်
ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ခေါင်းပုံဖြတ်ရန်အလို့ငှါ ခြိမ်းခြောက်ခြင်း၊
အင်အားသုံးခြင်း (သို့မဟုတ်) အခြားနည်းဖြင့်အနိုင်အထက်ပြုခြင်း၊
သွေးဆောင်ခေါ်ယူခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့်အာဏာကို
အလွဲသုံးစားပြုခြင်း (သို့မဟုတ်) ဘ၀ရပ်တည် ရန်ခက်ခဲနေသောအခြေအနေကို
အလွဲသုံးစား ပြုခြင်း၊ တစ်ဦးတစ်ယောက်အပေါ် ချုပ်ကိုင်နိုင်သောသူ၏သဘော
တူညီချက်ရရှိရန် ငွေကြေး (သို့မဟုတ်) အကျိုးအမြတ်ကို
ပေးခြင်း(သို့မဟုတ်)လက်ခံရယူခြင်းတစ်ရပ်ရပ်ကို ပြုလုပ်ပြီး လူများကို
သိမ်းသွင်း စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊
ရောင်းချခြင်း၊ ၀ယ်ယူခြင်း၊ ငှါးရမ်းခြင်း၊ ငှါးယူခြင်း၊
ခိုလှုံခွင့်ပေးခြင်း(သို့မဟုတ်) လက်ခံခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။
အထက်ပါလူကုန်ကူးမှုအဓိပ္ပါယ်ကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာကြည့်ပါက အပိုင်း(၃)ပိုင်း ရှိသည်ကို တွေ့ရပါတယ်။
(၁) လုပ်ဆောင်ချက်အပိုင်း။ ပုဂ္ဂိုလ်တစ်ဦးဦးသည် လူများကိုသိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ၀ယ်ယူခြင်း၊ ငှါးရမ်းခြင်း၊ ငှါးယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း(သို့မဟုတ်)လက်ခံခြင်း စသည့်လုပ်ဆောင်ချက်များအနက် တစ်ခုခုကို ပြုလုပ်ခြင်း။
(၂) နည်းလမ်းအပိုင်း။ အထက်ပါလုပ်ဆောင်ချက်ကို ပြုလုပ်ရာတွင် ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း(သို့မဟုတ်) အခြားနည်းဖြင့် အနိုင်အထက်ပြုခြင်း၊ သွေးဆောင်ခေါ်ယူခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့်အာဏာကိုအသုံးပြုခြင်း(သို့မဟုတ်) ဘ၀ရပ်တည်ရန် ခက်ခဲနေသော အခြေအနေကို အလွဲသုံးစားပြုခြင်း၊ တစ်ဦးတစ်ယောက်အပေါ် ချုပ်ကိုင် နိုင်သူ၏ သဘောတူညီချက် ရရှိရန် ငွေကြေး(သို့မဟုတ်) အကျိုးအမြတ်ကို ပေးခြင်း (သို့မဟုတ်) လက်ခံခြင်း စသည့် နည်းလမ်းများအနက်တစ်ခုခုကို အသုံးပြုခြင်း။
(၃) ရည်ရွယ်ချက်အပိုင်း။ ခေါင်းပုံဖြတ်ခြင်းပြုရန် ရည်ရွယ်ချက်ရှိကြောင်း ပေါ်လွင်ရမည်။
ခေါင်းပုံဖြတ်ခြင်းတွင် ပုဂ္ဂိုလ်တစ်ဦးဦးက အခြားသူတစ်ဦးတစ်ယောက်အား
(က) ပြည့်တန်ဆာပြုခြင်း
(ခ) အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာကိစ္စပြုလုပ်ခြင်း
(ဂ) အဓမ္မအလုပ်ခိုင်းစေခြင်း
(ဃ) အဓမ္မ၀န်ဆောင်မှုပေးစေခြင်း
(င) ကျွန်ပြုခြင်း၊
(စ) ကျေးကျွန်ကဲ့သို့ခိုင်းစေခြင်း
(ဆ) ကြေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း
(ဇ) သူတစ်ပါးခန္ခာကိုယ်၏ အင်္ဂါအစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းချခြင်း စသည် တို့ကို ပြုရာမှ ငွေကြေးကိုသော်လည်းကောင်း၊ အကျိုးအမြတ် တစ်စုံတစ်ရာ ကို သော်လည်းကောင်း လက်ခံရယူခြင်း(သို့မဟုတ်) လက်ခံရယူရန် သဘောတူခြင်း တို့ ပါဝင် ပါတယ်။
လုပ်ဆောင်ချက်အပိုင်း၊ နည်းလမ်းအပိုင်းနှင့် ရည်ရွယ်ချက်အပိုင်းတို့မှ အနည်းဆုံး အချက် တစ်ချက်စီ ငြိစွန်းပါက ထိုဖြစ်စဉ်(သို့မဟုတ်) ထိုအမှုသည် လူကုန်ကူမှုးဖြစ်သည်ဟု ဥပဒေကဆိုထားပါ တယ်။ ထိုအပိုင်း (၃)ပိုင်းစလုံး ငြိစွန်းမှသာ လူကုန်ကူးမှုဖြစ်ပြီး အပိုင်(၃)ပိုင်းအနက်(၂)ပိုင်း သာ ငြိစွန်းပြီး ကျန်အပိုင်း (၁)ပိုင်း ငြိစွန်မှုမရှိပါက လူကုန်ကူးမှု မဟုတ်ကြောင်း လေ့လာမှတ်သားရပါတယ်။
ပြည်တွင်းမှာ ဖြစ်ပွားတဲ့ ဖြစ်စဉ်တစ်ခုကို ဥပမာ ရှင်းပြလိုပါတယ်။ မန္တလေးမြို့က အမျိုးသမီးငယ် တစ်ဦးကို ရန်ကုန်မြို့ရှိ စားသောက်ဆိုင်မှာ ထမင်းချက်အလုပ်လုပ်ရမည်၊ တစ်လလျှင် စရိတ်ငြိမ်း လစာ ---- ကျပ်ရမည်ဟု ပြောဆိုသဖြင့် အဆိုပါအမျိုးသမီးငယ်မှ သဘောတူလက်ခံပြီး မန္တလေးမှ ရန်ကုန်သို့ ပွဲစား(သို့မဟုတ်)အလုပ်ရှာပေးသူနှင့်အတူ မန္တလေး-ရန်ကုန် အမြန်ယာဉ်လိုင်းကားဖြင့် လိုက်ပါသွားပါ တယ်။ ရန်ကုန်ရောက် သောအခါ စားသောက်ဆိုင်တွင် ထမင်းချက်အလုပ် မလုပ်ရဘဲ ပြည့်တန်ဆာ အိမ်တွင် ပြည့်တန်ဆာ အလုပ်ကို မလုပ်ချင်ဘဲ အဓမ္မခိုင်းစေသဖြင့် ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်ရ ပါတယ်။ ပြည်တန်ဆာ အလုပ် မှ ရလာတဲ့ငွေကြေးကိုလည်း သုံးပုံ တစ်ပုံ (သို့မဟုတ်) နှစ်ပုံ တစ်ပုံ သာပေးပြီး ကျန်ငွေများကို ပြည့်တန်ဆာအဖြစ်ခိုင်းစေသူမှ ရယူပါတယ်။ ဒီဖြစ်စဉ်ကို အထက်ကဖော်ပြခဲ့တဲ့ အပိုင်း(၃)ပိုင်းနဲ့ စဉ်းစားကြည့်ပါစို့။
လုပ်ဆောင်ချက်။ အမျိုးသမီးငယ်တစ်ဦးကို မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ကားဖြင့် ခေါ်ဆောင် သွားပြီး ပွဲစား(သို့မဟုတ်)အလုပ်ရှာပေးသူမှ ပြည့်တန်ဆာအဖြစ်ခိုင်းစေသူထံ အပ်နှံခဲ့သဖြင့် ပွဲစား(သို့မဟုတ်)အလုပ်ရှာပေးသူသည် သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း ပြုလုပ်ကြောင်း ပေါ်ပေါက်ပါတယ်။ ထိုအတူ ပြည့်တန်ဆာ အဖြစ်ခိုင်းစေသူမှာလည်း လက်ခံခြင်း၊ ခိုလှုံခွင့်ပေးခြင်း ပြုလုပ်ကြောင်း ပေါ်ပေါက် ပါတယ်။ (လုပ်ဆောင်ချက်အပိုင်း ငြိစွန်း)
နည်းလမ်း။ ရန်ကုန်မြို့ရှိစားသောက်ဆိုင်တွင် ထမင်းချက်အလုပ် လုပ်ရမည်ဟုပြောဆို သော်လည်း ပြည့်တန်ဆာအိမ်တွင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရသဖြင့် လိမ်လည်ခြင်းပြု လုပ်ကြောင်း ပေါ်ပေါက်ပါတယ်။(နည်းလမ်းအပိုင်း ငြိစွန်း)
ရည်ရွယ်ချက်။ တမင်းချက်အလုပ် မလုပ်ရဘဲ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသဖြင့် အမျိုးသမီးငယ်မှ မလုပ်ချင်ဘဲ လုပ်ကိုင်ရခြင်းသည် ခေါင်းပုံဖြတ်ခြင်းတွင် ပါရှိသည့်ပြည့်တန် ဆာပြုခြင်း ပြုလုပ်ကြောင်း ပေါ်ပေါက်ပါတယ်။ (ရည်ရွယ်ချက်အပိုင်း ငြိစွန်း)
ဒါကြောင့် အထက်ပါဖြစ်စဉ်သည် အပိုင်း(၃)ပိုင်းစလုံးငြိစွန်းနေသည့်အတွက် လူကုန်ကူးမှု ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။
ချွင်းချက်အနေဖြင့် ပြစ်မှုကျူးလွန်းခြင်းခံရသူ(သို့မဟုတ်)နစ်နာသူသည် အသက်(၁၆)နှစ်အောက် ကလေးသူငယ်ဖြစ်ပါက နည်းလမ်းအပိုင်း ငြိစွန်းရန်မလိုဘဲ လုပ်ဆောင်ချက်အပိုင်းနှင့် ရည်ရွယ်ချက်အပိုင်း (ခေါင်းပုံဖြတ်သည့်အပိုင်း) ငြိစွန်းပါက လူကုန်ကူးမှု ဖြစ်ပါတယ်။
အထက်ပါ ရှင်းပြတဲ့ဥပမာလေးကို လေ့လာသုံးသပ်ခြင်းအားဖြင့် လူကုန်ကူးမှုဟာ နေရာမရွေး၊ ဒေသမရွေး၊ ပြည်ပမှာရော ပြည်တွင်းမှာပါ ဖြစ်ပွားနိုင်ပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ် မရွေး လူသားအားလုံး လူကုန်ကူးခံရနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
မင်းနိုင်(နေပြည်တော်လူကုန်တား)

No comments:
Post a Comment