ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသမီး(၂)ဦးနှင့် ပဲခူးတိုင်းဒေသကြီးမှ
အမျိုးသမီး(၁)ဥိးတို့အား မူဆယ်မြို့တွင် မွေ့ယာ၊ သိုးမွှေးခေါင်းအုံးစွပ်
ချုပ်သည့်အလုပ် လုပ်ရမည်ဟု လိမ်လည် စည်းရုံးကာ တရုတ်နိုင်ငံသို့
ခေါ်ဆောင်ပြီး တရုတ်မယားအဖြစ်ရောင်းစားရန် ခေါ်ဆောင်လာစဉ် မူဆယ်မြို့၊
တက်ခမ်းဟိုတယ် အနီးရှိ တရုတ်-မြန်မာ နယ်စပ်၌ ဖမ်းဆီးရမိသဖြင့် ၂၀၁၃ခုနှစ်၊
ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မူဆယ် မြို့မရဲစခန်း မှ
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်တွင် မူဆယ်မြို့၊ တက်ခမ်း ဟိုတယ် အနီးရှိ နယ်စပ်ခြံစည်းရိုး တရားမ၀င် ၀င်/ထွက်ပေါက်တွင် တရုတ်နိုင်ငံ ကျယ်ဂေါင်မှ လာသည့် အမျိုးသမီး တစ်ဦးသည် လူကြိုရန်အတွက် ဆိုင်ကယ်ကယ်ရီ(၃)စီး ငှားရမ်းနေကြောင်းသတင်းအရ လူကုန်ကူးမှုကျူးလွန်ရန် မသင်္ကာဖွယ်ရှိသဖြင့် မူဆယ်လူကုန်ကူးမှု တား ဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက စောင့်ကြည့်ခဲ့သည်။ နောက်နာရီဝက်ခန့်အကြာတွင် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၆)ဦးတို့အား ဆိုင်ကယ် ကယ်ရီများဖြင့် ရောက်ရှိလာ သည်ကို တွေ့ရှိ၍ မူဆယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုရုံးသို့ ခေါ်ယူမေးမြန်းခဲ့သည်။
အထက်ပါ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၆)ဦးတို့အား မေးမြန်းခဲ့ရာ စည်းရုံးခံရသူ ရန်ကုန်တိုင်း ဒေသကြီးမှ အမျိုးသမီး(၂)ဦးနှင့် ပဲခူးတိုင်းဒေသကြီးမှ အမျိုးသမီး(၁)ဦးတို့ ပါဝင်ပြီး ကျန်သူများမှာ စည်းရုံးလာ သူများပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ်မယားအဖြစ် ရောင်းစားရန် ဖြစ်ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မနွေးဦး၊ မ၀င်းဝင်းဝါ၊ ရန်အောင်နှင့် သက်ခိုင်ဦး တို့(၄)ဦးသည် ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသမီး(၂)ဦးနှင့် ပဲခူးတိုင်းဒေသကြီးမှ အမျိုးသမီး(၁)ဦး တို့အား မူဆယ်မြို့တွင် မွေ့ ယာ၊ သိုးမွှေးခေါင်းအုံးစွပ် ချုပ်သည့်အလုပ် လုပ်ရမည်ဟု လိမ်လည်စည်းရုံးကာ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အောင်မင်္ဂလာ အဝေးပြေးကားဝင်းမှ စည်းစိမ်းရှင် မှန်လုံယာဉ်ဖြင့် မန္တလေးမြို့သို့လည်းကောင်း၊ မန္တလေးမှ မူဆယ်သို့ ရတနာစိုးမှန်လုံယာဉ်ဖြင့်လည်းကောင်း ခေါ်ဆောင်သွားပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် မူဆယ်မြို့ရှိ ““ ဖူး ”” တည်းခိုခန်း၌ တည်းခို ခဲ့ကြောင်း၊ ၂၁ ရက်နေ့ မနက် ၉ နာရီခန့် တရုတ်နိုင်ငံရှိ မတင်တင်အုန်း မှ စည်းရုံးခံရသူ အမျိုးသမီး(၃)ဦးအား ကြိုဆိုခေါ်ဆောင်ရန် မူဆယ်မြို့ရှိ မနီနီအောင် ကို စေခိုင်းခဲ့ကြောင်း၊ မနီနီအောင်မှ မလှလှဝင်းအား ဆိုင်ကယ် ကယ်ရီ (၃)စီးဖြင့် တည်းခိုခန်းသို့ သွားရောက် ခေါ်ဆောင်စေပြီး မနီနီအောင်သည် ကျယ်ဂေါင် တက်ခမ်း တရားမ၀င်ပေါက်မှ စောင့်နေ ခဲ့ကြောင်း၊ မလှလှဝင်းမှ စည်းရုံး ခံရသူ(၃)ဦးကို လိုက်ပို့သူမနွေဦးပါ(၄)ဦးနှင့်အတူ ကျယ်ဂေါင်တက်ခမ်း တရားမ၀င် ခိုးပေါက်သို့ ခေါ်ဆောင် လာစဉ် ရဲတပ်ဖွဲ့ဝင်များနှင့်တွေ့ရှိပြီး ယခုကဲ့သို့ခေါ်ယူမေးမြန်းခြင်း ခံရကြောင်း၊ တစ်ဦးစုဆောင်း ရရှိပါက မတင်တင်အုန်း မှ ငွေကျပ်(၅)သောင်း ပေးမည်ဖြစ်ကြောင်း၊ မတင်တင်အုန်း မှ တရုတ်အမျိုးသားများထံ ရောင်းချ မည့်ငွေကြေး ပမာဏကိုတော့ မသိရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။
သို့ဖြစ်ပါ၍ အမျိုးသမီး (၃)ဦးအား မူဆယ်မြို့တွင် မွေ့ယာ၊ သိုးမွှေးခေါင်းအုံးစွပ်ချုပ်သည့်အလုပ် လုပ်ရမည်ဟု လိမ်လည်စည်းရုံးကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင်ပြီး တရုတ်မယား အဖြစ်ရောင်းစားရန် စီစဉ်နေသူများနှင့် စည်းရုံး ခေါ်ဆောင်လာသူများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးမှ မနွေဦး၊ မ၀င်းဝင်းဝါ၊ သက်ခိုင်ဦး၊ ရန်အောင်၊ ဖိုးချစ်(ခ)မြင့်ဇော်ငြိမ်း(စုံစမ်းဆဲ)၊ ဧရာဝတီတိုင်းဒေသကြီးမှ မလှလှဝင်း၊ တရုတ် နိုင်ငံတွင် အိမ်ထောင်ကျသူများဖြစ်သည့် တင်တင်အုန်း(စုံစမ်းဆဲ၊)၊ မနီနီအောင် (စုံစမ်းဆဲ)တို့အပေါ် ဥပဒေအရအရေးယူပေးရန် မူဆယ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု မှ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တရားလိုပြုလုပ်တိုင်တန်းသဖြင့် မူဆယ်မြို့မရဲစခန်း မှ (ပ)၃၀၇/၂၀၁၃၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၈/၃၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။
တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ခေါ်ဆောင်ခြင်း ခံရသူ အမျိုးသမီး(၃)ဦးအား မူဆယ်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာတွင် အပ်နှံထားရှိပြီး တိမ်းရှောင်သူ တရားခံ တင်တင်အုန်းနှင့် နီနီခိုင်၊ ဖိုးချစ်(ခ) မြင့်ဇော်ငြိမ်း တို့အား ဖမ်းဆီးရမိရေး မူဆယ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုသည် ရွှေလီနယ်စပ် ဆက်ဆံရေးရုံး၊ ရန်ကုန်လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတပ်ဖွဲ့စုတို့နှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ နိုဝင်ဘာလ အထိ မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် လူကုန်ကူးမှုပေါင်း ၉၅ မှု ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံတွင် ၅၆ မှု၊ ထိုင်းနိုင်ငံတွင် ၂၀ မှုနှင့် ပြည်တွင်းတွင် ၁၉ မှု တို့ဖြစ်ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှု ၅၆ မှုတွင် အဓမ္မလက်ထပ်မှု ၅၂ မှု၊ အဓမ္မ မွေးစားမှု ၂ မှု၊ အဓမ္မခိုင်းစေမှု ၂ မှု တို့ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

No comments:
Post a Comment