ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှ
အသက်(၁၉)နှစ်အရွယ်မသိနားမလည်သူအမျိုးသမီးတစ်ဦးအား ထမင်းဆိုင်၌ အလုပ်ရမည်ဟု
ပြောဆိုစည်းရုံးပြီး မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့သို့ ခေါ်ဆောင်
သွားကာ ပြည့်တန်ဆာအဖြစ် ခိုင်းစေပြီး လိင်ပိုင်းဆိုင်ရာ
ခေါင်းပုံဖြတ်သဖြင့် ၁၈-၇-၂၀၁၃ ရက်နေ့ တွင် ပြည်မြို့မရဲစခန်း၌
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၄ ဖြင့် အမှုဖွင့် အရေးယူ
ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၂၄-၅-၂၀၁၃ ရက်နေ့ (၁၉၀၀)အချိန၊် ပြည်မြို့၊ ရွာဘဲရပ်ကွက်နေ မိခင်ဒေါ်--သည် နေအိမ်၌ရှိနေစဉ် အသက် (၁၉)နှစ်အရွယ် သမီးဖြစ်သူမှာ မုန့်စားသွားမည်ဟုပြောပြီး ထွက်ခွာသွားရာမှ နေအိမ်သို့ ပြန်မလာသဖြင့် ယောကျာ်းနောက်လိုက်သွားသည်ထင်ကာ တိတ်တဆိတ်စုံစမ်းခဲ့ကြောင်း၊ ၁၇-၇-၂၀၁၃ ရက်နေ့ (၁၆၃၀)အချိန်၊ တစ်ရပ်ကွက်တည်းနေ မနွယ်နွယ် ၏ ပြောပြချက်အရ ပြည်မြို့၊ မြကန်သာအရှေ့ပိုင်းရပ်နေ ဒေါ်---- (စုံစမ်းဆဲ)မှ သမီးဖြစ်သူကို ထမင်းဆိုင်၌ အလုပ်ရမည်ဟု ပြောဆိုစည်းရုံးပြီး ဂန့်ဂေါမြို့၊ မြစ်သာဆည်နေ ပြည့်တန်ဆာခေါင်း တင့်နိုင် (ခ)အရှည်ကြီး နေအိမ်သို့ ဂန့်ဂေါမြို့၊ မြစ်သာဆည်နေ မမြတ်မိုးဆွေ (ခ)မဆွေ မှတဆင့် ပို့ဆောင်ပေးခဲ့ကြောင်း ပြောပြသိရှိရသဖြင့် သွေးဆောင်ဖြားယောင်းပြီး ကိုယ်ကျိုးစီးပွားရှာ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်သူ ပြည်မြို့၊ မြကန်သာ အရှေ့ပိုင်းရပ်နေ ဒေါ်--- (စုံစမ်းဆဲ)နှင့် တင့်နိုင် (ခ)အရှည်ကြီး တို့အပေါ် ဥပဒေအရ အရေးယူပေးရန် မိခင်ဖြစ်သူမှ ပြည်မြို့မရဲစခန်းသို့ တိုင်တန်းသဖြင့် ၁၈-၇-၂၀၁၃ ရက်နေ့တွင် ပြည်မြို့မရဲစခန်း (ပ)၅၄၅/၂၀၁၃၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (မကွေး)နှင့် ဂန့်ဂေါမြို့မရဲစခန်းတို့ပူးပေါင်း၍ တရားခံများအား စုံစမ်းဖမ်းဆီးရာ အဓိကတရားခံ (၂)ဦးအနက် တင့်နိုင် (ခ)အရှည်ကြီး (၄၄)နှစ်၊ (ဘ)ဦးမဲ၊ ဗမာ/ဗုဒ္ဓ၊ မြစ်သာဆည်၊ ဂန့်ဂေါမြို့၊ မကွေးတိုင်းဒေသကြီး၊ ကွင်းဆက်တရားခံ မရွှင်ကြည် (၃၈)နှစ်၊ (ဘ)ဦးလှသော်၊ ဗမာ/ဗုဒ္ဓ၊ မြစ်သာဆည်၊ ဂန့်ဂေါမြို့ (အရှည်ကြီး ၏ဇနီး)နှင့် မမြတ်မျိုးဆွေ (ခ)မဆွေ (၅၆)နှစ်၊ (ဘ)ဦးသိန်းကြယ်၊ ဗမာ/ဗုဒ္ဓ၊ မြစ်သာဆည်၊ ဂန့်ဂေါမြို့ နေသူတို့ (၃)ဦးအား ၁၉-၇-၂၀၁၃ ရက်နေ့တွင် ဖမ်းဆီးရမိပြီး ပြည်မြို့၊ မြကန်သာအရှေ့ပိုင်းရပ်နေ တရားခံ ဒေါ်---- (စုံစမ်းဆဲ) မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် အမြန်ဖမ်းဆီးရမိရေး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

No comments:
Post a Comment